LightReader

Summary

နေမင်းကို အမှောင်ချသူ

ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပြီး‌နောက် နှစ်ပေါင်းထောင်ချီအကြာတွင် ဖြစ်သည်။

'စပက်တာ'များ ဝင်ရောက်လာကြပြီး ကမ္ဘာပေါ်က အဆင့်မြင့်နည်းပညာများ၊ မှန်းဆ၍မရနိုင်လောက်အောင် များပြားသည့် အရင်းအမြစ်များနှင့် ခမ်းနားကြီးကျယ်သော တိုးတက်မှုပေါင်းများစွာကို တိုက်ခိုက်ဖျက်စီးခဲ့ကြသဖြင့် အလုံးစုံ ပျောက်ကွယ်ခဲ့ရသည်။

ထို့နောက် နှစ်ပေါင်းထောင်နှင့်ချီသော ကာလအတွင်း လူသားများသည် လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုကို ပြန်လည်ထူထောင်ခဲ့ကြသော်လည်း 'စပက်တာ'များ၏ တိုက်ခိုက်ဖျက်စီးခြင်းကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပြီးနောက် အခါခါပျက်စီးခဲ့ရပြန်သည်။ ထို့သို့ ကြိမ်ဖန်များစွာ ဖျက်စီးခံခဲ့ရသည့်အတွက် မျိုးဆက်သစ် လူသားများသည် ယခင်က တည်ရှိခဲ့သော ဘိုးဘေးတို့၏ ဖြစ်တည်မှု၊ ယဉ်ကျေးမှုနှင့် တိုးတက်ကြီးပွား‌ အောင်မြင်ခဲ့မှုများကို သတိမရတော့ဘဲ မေ့ပျောက်ကုန်ကြသည်အထိ သမိုင်းအဆက်များ ပြတ်တောက်ကုန်ကြလေသည်။

ဤကာလများတွင် တန်ခိုးအရှိန်အဝါနှင့် အင်အားအလွန်ကြီးမားသည့် မိစ္ဆာဆန်ဆန် နတ်ဆိုးသဏ္ဌာန်ရှိသော 'စပက်တာ'ခေါ် သတ္တဝါဆိုးများသည် ကမ္ဘာကြီးနှင့် နေအဖွဲ့အစည်းကို စိတ်ရှိသလို ချုပ်ကိုင်ချယ်လှယ်ခဲ့ကြလေသည်။

'ခရမ်ဆင် ဖန်းဂတ်စ်'မြို့၊ 'ဒရပ်'ဟု ခေါ်သော အမှိုက်ပုံသာသာ အလွန်နိမ့်ကျသည့် ရပ်ကွက် လမ်းကျဉ်းလေးတစ်ခုတွင် လူငယ်လေးတစ်ယောက် နိုးထလာခဲ့သည်။ အဆိုပါ လူငယ်လေးတွင် အတိတ်မှတ်ဉာဏ်များ ပျောက်ဆုံးနေသည်။

လူငယ်လေးသည် 'ဇစ်ဖစ်'များကို လိုက်လံထုတ်ယူသည့် အလုပ်အား ရရှိရန်အတွက် စမ်းသပ်စစ်းဆေးသည့် အဆင့်ကို ကျော်ဖြတ်ဖို့ ကြိုစားနေခဲ့သည်။ 'ဇစ်ဖစ်'ဆိုသည်မှာ 'စပက်တာ'များတွင်ရှိသော စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည်။ ၎င်းသည် လက်ရှိကမ္ဘာပေါ်ရှိ လူသားများ ရပ်တည်နိုင်ရေးအတွက် စွမ်းအားပေးရန် အဓိကထား သုံးစွဲနေရသော အစားထိုးစွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်လေသည်။ နောက်ဆုံးတွင် လူငယ်‌လေးသည် အထက်ပါ စမ်းသပ်စစ်ဆေးမှုကို ‌အောင်မြင်စွာ ကျော်ဖြတ်နိုင်သည်အထိ သန်မာလာခဲ့သည်။

အမှန်တကယ် လူငယ်လေးသည် 'စပက်တာ'တစ်ကောင်ထံမှ ၎င်းတို့နည်းတူ စွမ်းအားများကို ရရှိထားနှင့်ပြီး ဖြစ်သော်လည်း အတိတ်မှတ်ဉာဏ်ချို့ယွင်းနေခြင်းကြောင့် သူ့ကိုယ်သူ အစွမ်းအစရှိကြောင်း မသိခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ့ဘဝထဲသို့ လူတစ်ယောက် ဝင်ရောက်လာသည့်အဆုံးတွင် လူငယ်လေး၏ ဖြစ်တည်မှုသည် တစ်ဆစ်ချိုး ပြောင်းလဲရန် အချိုးအကွေ့တစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။

ဘာသာပြန်သူရဲ့ အမြင်

ဘာသာပြန်မယ့် ကျွန်တော့်အမြင်နဲ့ ခံစားချက်ကို တိုတိုနဲ့လိုရင်းပဲ ပြောရရင် ပြောမပြတတ်အောင် မိုက်တယ်။ ဖတ်ဖူးသမျှ novelတွေထဲမှာ Darkအဖြစ်ဆုံးပဲ။ ဖိုမကိစ္စအသားပေးကို ဆိုလိုတာ မဟုတ်ဘူးနော်။ @ArcanexChronicles ဆိုတဲ့ youtuberအကောင့်မှာ ညွှန်းထားတဲ့အတိုင်းဆို သူအကြိုက်ဆုံး novelတွေထဲမှာ top 3စာရင်းဝင် Dark Novelတစ်ပုဒ်ပဲတဲ့။ နောက်ပြီး ဘယ်websiteမှာပဲ ကြည့်ကြည့် ratingတွေက 4.9, 4.8, 4.5 စသဖြင့် 4.5 အထက်တွေမှာချည်းပဲ။ တာအိုရောင်းရင်းတွေ ကိုယ်တိုင်သာ ရှာကြည့်ဗျာ။ တချို့ဆို hidden gem လို့ပါ ခိုင်းနှိုင်းထားတယ်။ ကျွန်တော်လည်း ဒါကို လက်ခံတယ်။ youတို့လည်း ဖတ်ပြီးသွားရင် သေချာပေါက် လက်ခံသွားလိမ့်မယ်။

ဒီNovelရဲ့ နာမည်ကို Kill The Sun ဆိုပြီး တင်စားထားပေမဲ့ လက်ရှိရောက်သလောက်ကို ဖြတ်ပြီး ရုပ်ရှင်ရိုက်ရင် 'စပက်တာ ဟန်တာ'( Specters Hunter)လို့တောင် နာမည်ပေးလို့ ရလောက်တယ်။ ဘာဖြစ်လို့လဲဆို MCက မုဆိုးတွေကို ပြန်ပြီးအမဲလိုက်ရတဲ့ မုဆိုး ဖြစ်နေလို့ပဲ။ ဒါပေမဲ့လည်း ဒီဇာတ်လမ်းရဲ့ darkဖြစ်နိုင်စွမ်းက မုဆိုးတစ်ယောက်ဆိုတာထက် ပိုတာမလို့ novel အနေနဲ့ဆိုရင်တော့ "Kill the Sun"နဲ့က အလိုက်ဖက်ဆုံးပဲလို့ ထင်ပါတယ်။ တစ်ဆက်တည်းပြောရရင် Novelက ongoing ပါ။

ဇာတ်အိမ်တည်ထားတဲ့ အနာဂါတ် ကမ္ဘာပျက်ကြီးမှာ အထူးခြားဆုံးတွေထဲက တစ်ခုက ၂၄နာရီ နေ့ညမပြတ် ထွက်နေတဲ့ "နေ"ပဲ။ ခေါင်းပေါ်တည့်တည့်ကနေ ထွက်နေတာ။ အခုလိုမျိုးကြီး ပူလောင်ပြဲနေတာတော့မဟုတ်ဘူး။ ဘယ်လိုမျိုးလဲဆိုတာ စာစဥ်ဖတ်ရင်း တွေ့လိမ့်မယ်။

MC နေတဲ့ မြို့နဲ့ ရပ်ကွက်က လူတွေအတွက် နေလုံးကြီး ရွေ့လျားနေပြီး ဝင်လိုက်ထွက်လိုက် ဖြစ်နေခဲ့တယ် ဆိုတာတွေက ယုံတမ်းပုံပြင်တွေလိုပဲ။ ဒီက လူတွေက တစ်ချိန်တုန်းက ကမ္ဘာကြီးမှာ နေဝင်တာ နေထွက်တာတွေ ရှိခဲ့တယ် ဆိုတာတောင် မသိကြတော့တဲ့ လူသားတွေ။ တစ်ချိန်က ကမ္ဘာကြီးအကြောင်း ပြန်ပြောပြတဲ့သူတွေ ရှိခဲ့ရင်တောင် အရူးလို့ သတ်မှတ်ပြီး ဘယ်သူမှ မယုံကြဘူး။

စပက်တာ'တွေ လက်ချက်ကြောင့် ပျက်စီးနေတဲ့ ကမ္ဘာမှာ လူဦး‌ရေ ထက်ဝက်ကျော်လောက်က အငတ်ဘေးဆိုက်နေပြီးတော့ ဆင်းရဲချမ်းသာ အရမ်းကွာဟလွန်းတယ်။ ဒီကမ္ဘာကြီးမှာ ဇစ်ဖစ်ပြီးရင် နောက်ထပ် တန်ဖိုးရှိတာက လူ့သွေး။ တကယ်လို့ ကိုယ်က တစ်ခုခု ခိုက်မိလို့ သွေးထွက်လာတာကို တာဝန်ရှိသူတွေ မြင်ရင် အရေးယူခံရနိုင်တယ်။ အမှုက သွေးပြုန်းတီးမှုဆိုတဲ့ ပုဒ်မနဲ့။

စပက်တာတွေ ချယ်လှယ်ထားတယ်လို့ ယူဆရတဲ့ ကမ္ဘာမှာ ရန်ဖြစ်ရင်တောင် တစ်ဖက်ကလူကို သွေးထွက်အောင် ထိုးလို့မရဘူး။ ရန်ဖြစ်တာချင်း တူရင်တောင် သွေးထွက်ရင် အမှုပိုကြီးတယ်။ ဒါဆို အသေသတ်မယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ သိချင်ရင်တော့ စာစဥ်ကိုသာ ဆက်ဖတ်ကြည့်လိုက်ဗျာ။

ဒီကမ္ဘာထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က ကိုယ့်တာဝန်ပဲ။ အုပ်ချုပ်သူ လူတန်းစားက အခွန်ကောက်မယ်၊ ဖိနှိပ်မယ်၊ ဒါပဲတတ်တာ။ လက်ရှိကမ္ဘာပေါ်က ဟို..နိုင်ငံ.. မြောက်ကိုရီးယားလိုပဲ။ ဒါပဲမယ့် ပုံစံမတူဘူး။ ဘယ်လိုမတူတာလဲဆိုတာ စာစဥ်ကို ဖတ်ရင်း ကိုယ်တိုင်ရှာဖွေလိုက်ရအောင်ဗျာ။ ဒါမှ အရသာရှိတာ။

နောက်ပြီး ဆင်းရဲသားတွေအနေနဲ့ အစိုးရကို သွေးနဲ့ အခွန်ဆောင်လို့ရတယ်။ ဒီဇာတ်လမ်းရဲ့ မင်းသားဖြစ်တဲ့သူက စောက်ကြောခပ်တင်းတင်းဆိုတော့ ဘာအခွန်မှ မဆောင်ဘူး။ အခွန်မဆောင်တော့ ဘယ်လောက်တော်တော် အစိုးရအလုပ် မရဘူး။ ရပ်ကွက်ထဲက လူမိုက်တွေတောင်းတဲ့ ဆက်ကြေးလည်းမပေးဘူး။ ခပ်ကင်းကင်းနေတယ်။ ဆရာသမားက အရမ်းဇွဲကောင်းတဲ့ စရိုက်ရှိတော့ သူ့ရဲ့ ရည်ရွယ်ချက်ကိုပဲ ငုတ်တုတ်ထိုင်စောင့်နေတာ။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ စာစဥ်ထဲမှာသာ ဝင်ဖတ်ကြည့်လိုက်ဗျာ။

အကယ်၍ သင်က Darkဖြစ်လွန်းတဲ့ Fantasy world ထဲမှာ အမြင့်ဆုံးထိအောင် မှောင်မိုက်ခက်ထန်တဲ့ အကြမ်းစားဖြစ်ရပ်တွေထဲ မြောလွင့်သွားချင်လို့ စာလုံးတွေနဲ့ တည်ဆောက်ပုံဖော်ထားတဲ့ကမ္ဘာကို လိုက်ရှာနေတာဆိုရင်တော့

"မင်္ဂလာပါ။ 'နေမင်းကို အမှောင်ချသူ' စာစဥ်မှ ကြိုဆိုပါတယ်"

"အမှောင်ကျလုဆဲဆဲ ကမ္ဘာကြီးထဲကို ဝင်ရောက်ဖို့ အောက်က Link ကို နှိပ်ပါ"

More Chapters